ဒဂုံအရှေ့ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ခံယူချက်၊ ယုံကြည်ချက်မြင့်မားရေး သင်တန်းကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်သွားရမည့်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ကြီးလေးသည့် တာဝန်များကိုထမ်းဆောင်ရသည့် ဌာနဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များကို ကျေညက်မှသာ ရုံးလုပ်ငန်းများ မြန်ဆန်သွက်လက်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ ကိုယ်ရည်ကိုယ်သွေး၊ လုပ်ငန်းကျွမ်းကျင်မှု၊ နိုင်ငံတော်အပေါ် သစ္စာရှိမှု၊ တာဝန်ယူ၊ တာဝန်ခံ စိတ်ရှိမှုနှင့် မိမိတို့ဌာနအပေါ်ဂုဏ်ယူပြီး လုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားတတ်မှု စသည့် အရည်အသွေးကောင်းများ မြှင့်တင်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာပြီး မိမိတို့၏ အရည်အချင်း၊ အရည်သွေး၊ လုပ်ရည်ကိုင်ရည် တိုးတက်နိုင်ရေးဆိုသည့် ခံယူချက်ဖြင့် မှတ်သားရန်လိုအပ်ကြောင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များအား ပို့ချပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၄၃) ဦး၊ ရပ်/ကျေးစာရေး (၃၆) ဦး၊ စုစုပေါင်း (၇၉) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၄ ရက်၊ ၆ ရက်နေ့နှင့် ၈ ရက်နေ့များတွင် နံနက် (၉) နာရီမှ (၁၂) နာရီအချိန်ထိ ရုံးစီမံဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ