ကျောက်တံတားမြို့နယ်တွင် သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များကို ရပ်ကွက်များ အရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် ဒုတိယအကြိမ် လှည့်လည်ရောင်းချပေး

ကျောက်တံတား  နိုဝင်ဘာ ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ လတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များအား ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်ပိုင်း(၇)နာရီမှ (၁၀)နာရီထိ ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်အတွင်းရှိ အမှတ်(၄)၊ (၅)၊ (၆)ရပ်ကွက်များ အနော်ရထာလမ်း တောင်ဘက်ခြမ်း (ဆိပ်ကမ်းသာလမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)တွင် လာရောက်ရောင်းချပေးခြင်း ဖြစ်ပြီး ကြက်သားစျေးကား၊ ဆိတ်သားစျေးကား၊ အမဲသားစျေးကား၊ ငါး၊ ပုဇွန်၊ ပင်လယ်စာစျေးကား၊နေကြာဆီ၊ ဟင်းရွက်ဆီ စျေးကား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥစျေးကား၊ ဟင်းသီးဟင်းရွက် စျေးရောင်းကား စသည့်ဖြင့် စုစုပေါင်းကား(၇)စီးဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ စျေးနှုန်းသက်သာစွာဖြင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ စားသောက်ကုန်များအား ဝယ်ယူရရှိနိုင်ရေး၊ မိမိတို့ နေအိမ်အနီးမှာ ပင် ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ကာ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ရပ်ကွက်နေပြည်သူတစ်ဦးမှ လည်း" ကျွန်မက ဆိတ်သားဝယ်လာတယ်၊ အပြင်မှာအသားနှစ်ထောင့်ငါးရာဝယ်ရတယ်၊ ဒီမှာနှစ်ထောင်နဲ့ ရတယ်၊ အပြင်မှာ ငုံးဥတစ်ထောင်ဖိုး (၃၅)လုံးပဲရတယ်၊ စျေးကားမှာအလုံး(၅၀) တစ်ထောင်၊ ဆီလည်း အပြင်ထက် စျေးသက်သာလို့ ဝယ်လာတယ်၊ ကျန်တာတွေလည်း စျေးသက်သာပါတယ်၊ ကျွန်မကတော့ ဒီလိုမျိုး အမြဲလာရောင်းပေးဖို့တောင်ပြောချင်တာ" ဟု Mobile Market လာရောက်ရောင်းချပေးမှုအပေါ် ပြောကြားခဲ့သည်။
ရွှေနန်းမေ