အေးသာယာ မတ် ၅
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် (၉) နာရီက အေးသာယာ၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တတ်နိုင်သမျှ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေကျပ် (၅၅၆) သန်း ထောက်ပံ့ပေးခဲ့သည့်အပြင် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ရေနှင့်လျှပ်စစ်မီးရရှိရေးများကို အခါအားလျော်စွာ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့် မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းအတွက် လိုအပ်သည့်ရန်ပုံငွေများ ပံ့ပိုးပေးခဲ့ပြီး သင်တန်းသားများအနေဖြင့် သင်တန်းကရရှိသည့် ပညာရပ်များကို မမေ့မလျော့ဘဲ ဆက်လက်လေ့လာကြစေလိုကြောင်း မိမိဒေသကို ပြန်ရောက်သည့်အခါ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအဖြစ် ပြန်လည်အသုံးချနိုင်သည်အထိ ကြိုးစားကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သင်တန်းသားအားလုံးကို ဆိုင်ကယ်စက်ပြင်ရန် လိုအပ်သည့် ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း သင်တန်းစင်တာ၌ သင်တန်းများ ဖွင့်လှစ်သွားမှာ ဖြစ်သည့်အတွက် ယခုသင်တန်းသားများအနေဖြင့် မိမိတို့ တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းတက်ရောက်လိုသူများကို လက်ဆင့်ကမ်း ပြောကြားပေးစေလိုကြောင်း၊ သင်တန်းအတွက် လိုအပ်သည့် ဘဏ္ဍာရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး သင်တန်းသားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ်တို့က ပေးအပ်ရာ သင်တန်းသားများမှ အသီးသီးလက်ခံရယူပြီး သင်တန်းသားများအား သင်တန်းဆင်း အောင်လက်မှတ်နှင့် သင်တန်းဆရာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းရင်းသားများ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ပေးအပ်ရာ သင်တန်းနည်းပြဆရာနှစ်ဦးမှ လက်ခံရယူကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိတို့သည် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ဖွင့်လှစ်ထားရှိသော ကွန်ပျူတာသင်တန်းခန်းမ၊ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များ၊ ဆိုလာစနစ်ဖြင့် ရေတင်နေမှု၊ ထမင်းစားခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။
မောင်မောင်သန်း(ပြန်/ဆက်)