မိုင်းခတ် မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ဖာလန်ကော်ကျေးရွာအုပ်စု၊ အလန်းမိုင်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အမျိုးသား(၁၈)နှစ်မှ (၃၅)နှစ်၊ အမျိုးသမီး(၁၈)နှစ်မှ (၂၇)နှစ်၊ ကျွမ်းကျင်အမျိုးသား အသက်(၁၈)နှစ်မှ (၄၅)နှစ်၊ ကျွမ်းကျင်အမျိုးသမီးအသက်(၁၈)နှစ်မှ (၃၅)နှစ်ဖြစ်ပြီး ကျွမ်းကျင်ဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတတ်မြောက်သူ (သို့မဟုတ်) အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်သူများကို ဆိုလိုကြောင်း ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးထွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့က ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကောလာဟလသတင်းများပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို မြန်မာဘာသာ၊ အာခါဘာသာတို့ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းရင်းသားပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)