နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် မတ် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့် နေပြည်တော် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများအားလုံး ကျန်းမာပျော်ရွှင်ရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို စနစ်တကျ ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့ကို ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများအပါအဝင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ပြဿနာများသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာအနှံ့အပြားမှာ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍကိုလည်း မဖြစ်မနေ အလေးထား ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊  မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေလျက်ရှိသလို တစ်ဖက်မှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အပြိုင် ပတ်ဝန်းကျင်ထိခိုက်ယိုယွင်းစေမှုများ ယှဉ်တွဲပါရှိလာနိုင်ပါကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု အနည်းဆုံးဖြစ်စေရေးကို ဦးတည်၍ ထိရောက်သည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နေပြည်တော်သည် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု (ASEAN Environmental Sustainable Cites Award)ကို ၂၀၁၇ ခုနှစ်တွင် ရရှိထားပြီး Clean City ၊ Green City ၊ Smart City မြို့တော်ဖြစ်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ထို့အပြင် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ ဈေးကွက်တွင် ပိုမိုများပြားလာခြင်း၊ ပိုမိုထုတ်လုပ်သုံးစွဲလာခြင်းနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ ပတ်ဝန်းကျင်တွင် ပိုမိုများပြားလာခြင်း၊ ကုန်းမြေအခြေပြု ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် မြစ်/ချောင်းများမှတဆင့် အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ရေနေသတ္တဝါများနှင့် ဂေဟစနစ်အပေါ် ထိခိုက်မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ နေပြည်တော် ပလတ်စတစ်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ကော်မတီဝင်ဌာနဆိုင်ရာများ၏ အားသွန်ခွန်စိုက် အလေးထား ပူးပေါင်းဆောင်ရွက်သွားရန်လည်း လိုအပ်ကြောင်း၊ တောမီးနှင့် အခြား အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် လူသားများ၏ ကျန်းမာရေးအပါအဝင် အခြားသောသက်ရှိ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သဖြင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်ကို လျော့နည်းသက်သာစေရေးအတွက် လုပ်ငန်းအစီအစဉ်များကို လုပ်ငန်းကော်မတီ၏ အဖွဲ့ဝင်ဌာနများအနေဖြင့်လည်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး ဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီတို့၏ ဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးဟန်သူက ကော်မတီများကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီနှင့် နေပြည်တော် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာလုပ်ငန်းကော်မတီတို့၏ အတွင်းရေးမှူး၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မှုများနှင့်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)