မိတ္ထီလာ မတ် ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းကို ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)ရှိ လေ့ကျင့်ပျိုးထောင်ရေးစင်တာတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရက်ကန်းပညာအခြေခံသင်တန်းနှင့် အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းနှစ်မျိုးကို ဖွင့်လှစ်လျက်ရှိရာ ရက်ကန်းအခြေခံပညာသင်တန်းမှာဆိုရင် ချည်မျှင်နှင့်အထည်လိပ်ကျွမ်းကျင်သင်တန်း၊ စက်ရက်ကန်းသင်တန်းများကို ဖွင့်လှစ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းကာလတို သင်တန်းမှာဆိုရင် စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်း၊ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ဒေသခံပြည်သူများ စက်ချုပ်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန်၊ ခေတ်မီဆန်းသစ်သော အဝတ်အထည်များ ချုပ်လုပ်နိုင်ရန်နှင့်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်ထံမှ သိရသည်။
အဆိုပါ အဆင့်မြင့်စက်ချုပ်နည်းပညာသင်တန်းကို အခြေခံစက်ချုပ်သင်တန်းဆင်းများနှင့် စက်ချုပ်ပညာရပ်ကို အခြေခံအဆင့်တက်မြောက်ထားသူ ၁၀ ဦးအား မတ်လ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ရင်ဖုံးအင်္ကျီ၊ ရင်ခံအင်္ကျီ၊ မြန်မာပွဲတက်ဝတ်စုံ၊ လုံချည်စကတ်တို့ကို စာတွေ့လက်တွေ့ အခမဲ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)