မုဒုံ မတ် ၄
မွန်ပြည်နယ်၊ မုဒုံမြို့တွင် မြို့အနီးပတ်ဝန်းကျင်နှင့် ကျေးရွာများ၌ စိုက်ပျိုးထားကြသည့် ဆောင်းသီးနှံများ ရိတ်သိမ်းချိန် ရွှေဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး စျေးကောင်းရရှိကာ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ဆောင်းသီးနှံများကို မိုးစပါးများ ရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှစ၍ ပန်းဂေါ်ဖီ၊ ဖူးစားပြောင်း၊ ပဲတောက်ရှည်၊ ခရမ်းသီး၊ မုန်လာဥဖြူ၊ ကြက်ဟင်းခါးသီး၊ ဟင်းနယ်၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြကြောင်း၊ မြေတစ်နေရာတည်းတွင် သီးနှံတစ်မျိုးထဲ ဆက်တိုက်စိုက်ပျိုးပါက ပိုးမွှားရောဂါအန္တရာယ်များ ကျရောက်ဖျတ်စီးမှုများသဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးကြကြောင်း၊ ရွှေဖရုံပင်များကို စိုက်ပျိုးရာတွင် စိုက်ခင်းများရေမဝပ်စေရန် အထူးဂရုပြုရပြီး အပင်မစိုက်ခင် လယ်ယာမြေထယ်ထိုး၍ မြေပြုပြင်ရခြင်း၊ သဘာဝဓာတ်မြေသြဇာများ စနစ်တကျ ထည့်သွင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရကြောင်း၊ အပင်များကို များသောအားဖြင့် မြေပေါ်တွင် လျှောက်သွားစနစ်ဖြင့် စိုက်ပျိုးကြ၍ ရက် ၁၀၀ ခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း မှိန်ကနိမ်ကျေးရွာနေ တောင်သူတစ်ဦးကပြောသည်။
ရွှေဖရုံသီးများကို မြို့ပေါ်စျေးများအပြင် အခြားဒေသများမှ ကုန်စိမ်းကုန်သည်များက ရွှေဖရုံသီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များကို လာရောက်ဝယ်ယူကြပြီး ရွှေဖရုံသီးတစ်လုံးလျှင် အရွယ်အစားအလိုက် ငွေကျပ် ၁၀၀၀ မှ ၄၀၀၀ ကျပ်အထိရရှိကာ ရွှေဖရုံစိုက်ခင်း တစ်ဧကလျှင် အလုံရေ ၁၅၀၀ မှ ၂၀၀၀ ထွက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)