ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ ခြင်ဆေးခွေစက်ရုံအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ဆိပ်ကြီးခနောင်တို မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ လိုက်လံစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ (၂) ရက်နေ့ နေ့လည်ပိုင်းတွင်လည်း  မြို့နယ်အတွင်း ဦးထွန်းအိုရပ်ကွက်၊ တောင်ပြာတန်း ဆန်စက်ဝင်းအတွင်ရှိ Diesel King Co.ltd ဂေါ်ဇီလာခြင်ဆေးခွေစက်ရုံတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာပေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်သန်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက  အဆိုပါ စက်ရုံအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  စက်ရုံတာဝန်ရှိသူများနှင့်အတူ စက်ရုံ အတွင်း လျှပ်စစ်မီး သွယ်တန်းသုံးစွဲနေမှု အခြေအနေများ၊ မီးသတ်ရေ လှောင်ကန်၊ မီးငြိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ စက်ရုံမှထွက်ရှိသည့် အမှိုက်နှင့် လောင်စာများအား စနစ်တကျ စွန့်ပစ်ရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက သက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားရေးတို့ကို စက်ရုံတာဝန်ရှိသူများနှင့် စက်ရုံဝန်ထမ်းများအား  အသိပေး ဟောပြော ခဲ့သည်။

ယင်းနောက်  မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်ရုံဝန်ထမ်းများ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လွယ်ကူလျင်မြန်စွာ အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူး၊ ရေတို့ဖြင့် မီးငြိမ်းသတ်ခြင်းအား လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)