မဲခေါင်-လန်ချန်း နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁)ဖြင့် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန် အဆောက်အဦ ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာနိသင်ထိရောက်သည့် ကာကွယ်ဆေးများကို ခေတ်နှင့်အညီ ထုတ်လုပ်နိုင်ရေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် ဓာတ်ခွဲခန်းဝန်ထမ်းများ ထွက်ပေါ်လာစေရေးအတွက် မဲခေါင်-လန်ချန်း နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (၂၀၂၁)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စီမံကိန်းရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်းများတွင် ကာကွယ်ဆေး ထုတ်လုပ်ခြင်းနှင့် ထုတ်လုပ်ပြီး ကာကွယ်ဆေးများ၏ အရည်အသွေးနှင့် အာနိသင်အား စမ်းသပ်စစ်ဆေး နိုင်ရေးအတွက် တည်ဆောက်ခဲ့သည့် ဆေးစမ်းတိရစ္ဆာန် အဆောက်အဦများ၏ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်း အခမ်းအနားကို အဆိုပါ အဆောက်အဦရှေ့ရှိ မြက်ခင်းပြင်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး ဓာတ်ခွဲခန်း များမှပညာရှင်များ၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်းမှ ပညာရှင်များ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးအရည်အသွေး စစ်ဆေးရေး ဓာတ်ခွဲခန်းမှ ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးက အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မဲခေါင်-လန်ချန်း နည်းပညာပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းရန်ပုံငွေများ ထောက်ပံ့ကူညီပေးပါသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ကာ မဲခေါင်-လန်ချန်းနည်း ပညာပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းရန်ပုံငွေများ ထောက်ပံ့ကူညီပေးပါသော တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကြွရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဆေးစမ်းတိရစ္ဆာန် အဆောက်အဦ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆေးစမ်းတိရစ္ဆာန် အဆောက်အဦအတွင်း ဆေးစမ်းတိရစ္ဆာန်များ မွေးမြူထားရှိမှု၊ ကာကွယ်ဆေးများ စမ်းသပ်နေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)