တကောင်း နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း များကို တကောင်းမြို့ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၂၉) ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်မဲ များ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများ ဆောက်ရွက်ခဲ့သည်။
ထိုသို့အိမ်တိုင်ရာရောက် ကြိုတင်မဲများကောက်ခံရာတွင် ပေါက်ကြားမှုမရှိစေရေး၊ လုံခြုံမှုရှိစေရေး အတွက် လှို့ဝှက်မဲပေးခန်း၊ ချိတ်ပိတ်ထားသည့်မဲပေးပုံးများဖြင့် ကြိုတင်မဲ ပေးရန် ရွှေ့လျားမဲရုံကဲ့သို့ ပြုလုပ်ခဲ့ကြပြီး ပါတီအသီးသီးမှ မဲရုံကိုယ်စားလှယ်များက လိုက်လံကြည့်ရှုမှတ်တမ်းတင်ခဲ့ကြ ကြောင်း သိရသည်။
တကောင်းမြို့တွင် ရပ်ကွက်ကြီး (၃)ရပ်ကွက်၊ မဲရုံပေါင်း(၄)ရုံသက်ကြီးရွယ်အို စုစုပေါင်း (၈၂၆) ဦး ရှိပြီး ကြိုတင်မဲများ အိမ်တိုင်ရာရောက် လိုက်လံကောက်ခံရာတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေးအတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုအောင်(တကောင်း)