တံတားဦး နိုဝင်ဘာ ၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ယနေ့မွန်းလွဲ ၁နာရီမှ စတင်၍ အသက်(၆၀)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်များအား ရွေ့လျားမဲရုံစနစ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး အတွက် အမှတ်(၃)ရပ်ကွက် လွှစဉ်တန်းရပ်၌ ဆောင်ရွက်ကြောင်းသိရသည် ။
အဆိုပါ ရွေ့လျားမဲရုံစနစ်ဖြင့် ဆန္ဒမဲပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ခွဲဝင်များ မဲရုံအဖွဲ့ဝင်များ ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၀)နှစ်အထက်နှင့် ကျန်းမာရေး မကောင်း၍ မဲရုံသို့မလာနိုင်သည့် သက်ကြီးဘိုးဘွား မဲဆန္ဒရှင်(၆၉၄)ဦးတို့အား အိမ်တိုင်ရာရောက် ရွေ့လျားစနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေခဲ့ကြောင်းနှင့် သက်ကြီး မဲပေးသူများအား ကျန်းမာရေးနှင့်အညီ လုံခြုံ ဘေးကင်းစွာ ဆန္ဒမဲများပေးနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲဝင်များမှ ရွေ့လျားမဲရုံ စနစ်ဖြင့် သတ်မှတ်ချက်များ အတိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် အမှတ်(၃)ရပ်ကွက်တွင် ရပ်ကွက်ငယ်(၅)ရပ်ကွက် ၊ မဲရုံပေါင်း(၆)ရုံတွင် ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း(၃၈၂၆)ဦး ရှိကြောင်း နှင့်မဲရုံများသို့ ကိုယ်တိုင်လာရောက်ပြီး မဲမပေး နိုင်သည့် သက်ကြီးအဘိုးအဘွားများ ၊ နာမကျန်းဖြစ်သူများနှင့် သားဖွားမိခင်များ ၊ နာမကျန်းဖြစ်သူ များစသည့် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန် ယခုကဲ့သို့ ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို အိမ်တိုင်ရာရောက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရပ်ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဌေး ကပြောကြားသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)