ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဝူးရှူးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား မတ် ၃

၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက်ယှဉ် ပြိုင်နိုင်ရေး လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူး ပြိုင်ပွဲအတွက် အားကစားသမားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာအသင့်ဖြင့် အစစအရာရာ အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲအောင်နိုင်ရေး အတွက်သာမက အားကစားလူချွန်လူကောင်းများဖြစ်သည်ဆိုတာကို ပြသနိုင်သည့် အခွင့်အလမ်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်သွား နိုင်ကြမည်ဟု ယုံကြည်သကဲ့သို့ ဇွဲ၊ စိတ်ဓာတ်အပြည့်အဝဖြင့် လေ့ကျင့်ပြင်ဆင်ပြီး ယှဉ်ပြိုင်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်လက်ရွေးစင်ဝူးရှူးအသင်းနည်းပြ ဦးဝဏ္ဍထွန်းက ပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်ခဲ့မှု အခြေအနေများနှင့် ကြိုတင်ပြင်ဆင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်ဝူရှူးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ရာ အသင်းအုပ်ချုပ်သူ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမြသွယ်က ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေး ကတိပြုစကားကို ပြန်လည်ပြောကြားသည်။ ဆက်လက်၍ လက်ရွေးစင်ဝူရှူးအသင်းက ထောက်လု အဖွဲ့လိုက် အလှပြခြင်း၊ တစ်ဦးချင်း စွမ်းရည်ပြသခြင်းနှင့် ဆန်းဆိုအတိုက်တို့ကို သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)