မိုးမိတ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း မဲရုံများနှင့်မဲရုံအနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ အချိန်ကစတင်၍ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်များရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးကိုကို နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မဲရုံများတွင် မီးသတ်ဆေးဘူးများထားရှိခြင်း ရှိ /မရှိ ၊ အနီးပတ်ဝန်းကျင် တစ်ဝိုက်တွင် မီးလောင်မှု၊ မီးထိတ်လန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိမဲရုံများနှင့် မြို့နှင့်အနီးတစ်ဝိုက်ရှိ မဲရုံများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ်ဖြစ် ပေါ်လာပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် လုံခြုံရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အဓိကထား လေ့ကျင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်သူရက ပြောကြားခဲ့သည်။
မိုးမိတ်သား(စည်သူဌေး)