မလှိုင်မြို့နယ်၌ မဲရုံအပြင်စည်းမှ ကူညီဆောင်ရွက်ပေးမည့်သူများကို ( Volunteer ) အထောက်အကူပြု လည်ဆွဲကပ်များ ပေးအပ်

မလှိုင်၊ နိုဝင်ဘာ ၄ 

၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အပြင်စည်းမှ ကူညီဆောင်ရွက်ပေးမည့်သူများကို ( Volunteer ) အထောက်အကူ ပြု လည်ဆွဲကပ်များပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲ အချိန်က မလှိုင်မြို့၊  မြို့နယ်ကော်မရှင်ရုံး အစည်းဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။

 ပေးအပ်ပွဲတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်တင်က အထောက်အကူပြု လည်ဆွဲကပ်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဲရုံ(၂၁ဝ) အတွက် အထောက်အကူပြု ( Volunteer ) ကဒ် (၁ဝ၅ဝ)ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များကပေးအပ်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က လက်ခံ ရယူခဲ့သည် ။

မလှိုင်မြို့နယ်တွင် မဲဆန္ဒနယ်‌မြေ(၁)တွင် မဲရုံ(၁ဝ၄) ရုံ၊ မဲဆန္ဒနယ်‌မြေ(၂ )တွင် မဲရုံ(၁ဝ၆) ရုံ၊ စုစုပေါင်း မဲရုံ( ၂၁ဝ) ရှိသည့်အတွက် မဲရုံတစ်ရုံလျှင် (၅)ဦးနှုန်းဖြင့် မဲရုံအပြင်စည်းမှ ကူညီဆောင်ရွက်ပေးမည့် သူများအတွက်အထောက် အကူပြု ( Volunteer ) ကဒ် များပေးအပ်ခြင်းဖြစ်သည်။ မဲရုံအပြင်စည်းမှ ကူညီဆောင်ရွက်ပေးမည့်သူ(၅)ဦးမှာ ဆန္ဒမဲ လာရောက်ပေးသူများကို လက်ဆေးဂျယ် ဖျန်းပေးရန် (၂)ဦး၊ Mask မပါရှိပါက စနစ်တကျတပ်ဆင်ရန်သတိပေးနှိုးဆော်ဆောင်ရွက်ပေးရန်(၂)ဦး၊ တစ်ဦးနှင့်တစ်ဦး (၆) ပေကွာနေရာယူ ဆန္ဒမဲ ပေးနိုင်ရန်  ကြီးကြပ်သူတစ်ဦး၊ဖြစ်ကြောင်းသိရသည် ။                                                                    

အောင်ဌေး(မလှိုင်)