လားရှိုး မတ် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လားရှိုး စည်ပင်သာယာရေး ဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က လားရှိုးမြို့နယ် စည်ပင်သာယာ ရေးဌာနမှ မြို့သာယာလှပရေး၊ သန့်ရှင်းရေး၊ မြို့ရေပေးရေး၊ ဌာနပိုင်ဈေးများအား ကြီးကြပ်ခြင်းနှင့် အခွန်၊ အခ ကောက်ခံခြင်း လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အမြဲတမ်းဝန်ထမ်း၊ နေ့စားဝန်ထမ်း၊ ပုတ်ပြတ်ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနတွင် အမြဲတမ်းနှင့် နေ့စားဝန်ထမ်း (၁၁၁)ဦး၊ ပုတ်ပြတ် ဝန်ထမ်း (၉၄) ဦး၊ စုစုပေါင်း (၂၀၅) ဦးရှိပြီး ၎င်းတို့အတွက် တစ်ဦးလျှင် ဆန် (၈) ပြည်၊ ဆီ (၅၀) သား၊ ကြက်ဥ (၁၀) လုံးစီတို့အား အမှုဆောင် အရာရှိနှင့် တာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)