ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာတွက် စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ် မှိုင်းပန်ကျေးရွာ တောင်သူ ဦးညွှန့်ဝင်း စိုက်ပျိုးထားသော ကြက်သွန်နီမျိုးစေ့ ပန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီမျိုးစေ့ပန်းစိုက်ခင်းများ စိုက်ပျိုးမည်ဆိုပါက ရှေးဦးစွာ ကြက်သွန်မျိုးဥမှ ပန်းတစ်ပွင့် ပွင့်မည့် ကြက်သွန်နီ မျိုးဥများ ရွေးချယ်ရကြောင်း၊ ပန်းတစ်ပွင့် ပွင့်မှသာ အမြစ်မှပန်းပွင့်ရှိ မျိုးစေ့သို့ ပို့လွှတ်သည့် အာဟာရများ ပြည့်ဝစွာရရှိပြီး အောင်မြင်သည့် မျိုးစေ့များ ရရှိမှာ သေချာကြောင်း၊ ကြက်သွန်နီ မျိုးဥမှ ပန်းအပွင့် (၃/၄)ပွင့် ပွင့်ပါက အပွင့်များသည့်အတွက် မျိုးစေ့များသောကြောင့် အာဟာရပြည့်ဝစွာရရှိရေး နည်းပါးသည့် အတွက် မျိုးစေ့တိုင်းအောင်မြင်မှုမရရှိနိုင်သဖြင့် ပန်းတစ်ပွင့် ပွင့်မည့် ကြက်သွန်နီမျိုးဥများ ရွေးချယ် စိုက်ပျိုးရခြင်းဖြစ်ကြောင်း ကြက်သွန်နီမျိုးစေ့ စိုက်ပျိုးရောင်းချသည့် တောင်သူများထံမှ သိရသည်။

ကျောက်ဆည်မြို့နယ်မှ ကြက်သွန်နီမျိုးစေ့ထုတ် တောင်သူများအနေဖြင့် မျိုးစေ့ထုတ်စိုက်ခင်းများကို ရာသီဥတုနှင့် မြေအနေအထားအရ၊ နတ်တော်လနှင့် ပြာသိုလ်လများတွင် စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုး ရက်ပေါင်း(၂၀)ကျော်လွန်ပါက ပန်းပွင့်မည့် မျိုးအတံ (ကြက်သွန်အဖူး)များ စတင်ထွက်ရှိလာပြီး အောင်မြင်သည့် ပန်းပွင့်များနှင့် မျိုးစေ့များရရှိရေး ပေါင်းမြက်နုတ်ပယ်ရှင်းလင်းခြင်း၊ မြေဆွခြင်း၊ အပင်အားတိုးဆေးနှင့် ပိုမွှားကာကွယ်နှိမ်နင်းဆေး ဖြန်းပေးခြင်းများ ပြုလုပ်ပေးရကြောင်းနှင့် တပေါင်းလနှင့်တခူးလများတွင် အောင်မြင်သည့်မျိုးစေ့များ ရရှိပြီဖြစ်၍ အပွင့်များ ခူးဆွတ်နေလှန်း၍ အစေ့ထုတ်ယူပြီး  မျိုးစေ့ဖျက်ပိုးများ ကျရောက်မှုမရှိရေး စနစ်တကျသိမ်းဆည်ပြီး ရောင်းချလိုသည့်အချိန်တွင် ရောင်းချကြကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)