ပေါင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ ကျင်းပ

သထုံ     မတ်     

မွန်ပြည်နယ်၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်တန်းမှရရှိသည့် အသိပညာ၊ အတတ်ပညာကို လက်တွေ့နယ်ပယ်၌ ပြန်လည်အသုံးချပြီး အသေးစား စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားပြီး သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မြတ်အေးက အသေးစား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေရန်၊ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်လာနိုင်ရေန်၊အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်ကာ ယခုသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ လက်သန့်ဆေး‌ရည် အမျိုးမျိုးထုတ်လုပ်နည်းများကို မတ်လ(၁)ရက်နေ့မှစတင်ကာ စာတွေ့လက်တွေ့ (၅)ရက်ကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသားစုစုပေါင်း (၁၃)ဦး တက်ရောက်ကြကြောင်း သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူများကို သထုံခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)