နေပြည်တော် မတ် ၂
မြန်မာနိုင်ငံတွင် ခွန်အားကြီးမားသော ဆင်များကို အိမ်မွေးဆင်များ (Domesticated Elephants) အဖြစ်လည်းကောင်း၊ တောဆင်ရိုင်းများ (Wild Elephants) အဖြစ်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ အိမ်မွေးဆင်များ (Domesticated elephants) ကို အဓိကအားဖြင့် အောက်ပါအတိုင်း အသုံးပြုလေ့ရှိကြပါသည်-
သစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ တောဆင်ရိုင်းဖမ်းဆီး ခြင်း၊ နိုင်ငံတော်အခမ်းအနားများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အသုံးပြုကြသည်။
မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်ကောင်ရေ ၃၂၈၁ ကောင်ကို ဌာနပိုင်ဆင်များအဖြစ် မွေးမြူပြုစုစောင့်ရှောက် (Domesticate) ထားပြီး ယင်းဆင်များကို အထက်ပါ ၇ ချက်အနက် သစ်ထုတ်လုပ်ခြင်းနှင့် သစ်ထုတ်လုပ်ငန်းတွင် သယ်ယူပို့ဆောင်ခြင်းတို့အတွက်သာ အဓိက အသုံးပြုပြီး ရှေးယခင်က တောဆင်ရိုင်းဖမ်းဆီးခြင်းအတွက်လည်း ကွန်ဂျီဆင်များကို အသုံးပြုခဲ့သည်။
မြန်မာ့သစ်လုပ်ငန်းသည် သစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းများအပြင် သစ်ထုတ်ရေးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် ဆင်များကို ချစ်မြတ်နိုးတတ်လာစေရန်၊ ခရီးသွားကဏ္ဍ တိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် နိုင်ငံ့ဘဏ္ဍာတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆင်ထိန်းသိမ်းရေးအခြေပြု ခရီးသွားလုပ်ငန်း (Elephant Conservation Based Tourism- ECBT) အတွက် နိုင်ငံအဝှမ်း ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ၂၄ ခုကို ဖွင့်လှစ် ဆောင်ရွက်လျက် ရှိပါသည်။
ဆင်စခန်းများ ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(၁) ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အခြေခံသော သဘာဝခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်။
(၂) ဆင်များနှင့်အနီးကပ်ထိတွေ့ခွင့်ရရှိပြီး ဆင်များအပေါ်ချစ်ခင် မြတ်နိုးတန်ဖိုးထားတတ်လာစေရန်။
(၃) ဆင်များ၏ ကျက်စားရာဒေသများနှင့် သဘာဝ တောတောင်ရေမြေများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူဖြစ်စေရန်။
(၄) ဆင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်။
(၅) ပြည်တွင်းပြည်ပခရီးသွားများ အပန်းဖြေလာရောက်လည်ပတ်ခြင်းဖြင့် ဌာနအတွက် တဖက်တလမ်းမှ ဝင်ငွေရရှိပြီး အစိမ်းရောင်စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပေါ်လာစေရန်။
မြန်မာနိုင်ငံတွင် မြန်မာ့သစ်လုပ်ငန်း၏ ECBT ဆင်စခန်း ၂၄ ခုအနက် ငလိုက်စခန်းသာ ဆင်စခန်းသည် အောင်မြင်သော ဆင်စခန်းတစ်ခုအဖြစ် ပါဝင်သည်။ ငလိုက်စခန်းသာဆင်စခန်းသည် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ် (၇၈)၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၁၇/၀) မိုင် အနီး တွင် ဆင်စခန်းဧရိယာ ၂၈၈ ဧက၊ ဆင်စားကျက် ဧရိယာ ၂၈၅ ဧက၊ ဆင်ကောင်ရေ ၂၁ ကောင်ဖြင့် ၂၀၁၇ ခုနှစ်၊ မေလ ၈ ရက် နေ့တွင် စတင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။
၂၀၁၆ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံရှိ ပြည်သူအများသည် ဆင်ကို တိရစ္ဆာန်ဥယျာဉ်များတွင်သာ အများအားဖြင့် တွေ့မြင်ဖူးကြသည်။ ဆင်များ၏ သဘာဝ၊ ဆင်များကို ထိန်းသိမ်းစောင့်ရှောက်မှု၊ ဆင်များကို ကာကွယ်ရန် အရေးပါမှုများကို လက်တွေ့သိမြင်နားလည်မှု နည်းပါးခဲ့သည်။ ထို့အတွက် မြန်မာ့သစ်လုပ်ငန်းတွင် ဆင်စခန်းများ ဖွင့်လှစ်ခဲ့ခြင်း၏ ရည်ရွယ်ချက်များတွင် ပညာပေးရေးလုပ်ငန်း တစ်ခုအဖြစ် ထည့်သွင်းထားသည်။ မြန်မာ့သစ်လုပ်ငန်း ဆင်စခန်းများတွင် ဆင်ပြတိုက်များ ဖွင့်လှစ်၍ ဆင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြသထားပြီး ဆင်များ၏ ဓလေ့သဘာဝကို လက်တွေ့ သိမြင်နားလည် လေ့လာကာ ကာကွယ်ထိန်းသိမ်းရမည့် အသိပညာများ ရရှိစေရေးကိုလည်း ထည့်သွင်း စီမံဆောင်ရွက်လျက်ရှိသည်။ ငလိုက်စခန်းသာ ဆင်စခန်းသည် ECBT စခန်း တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်သော ဆင်စခန်းတစ်ခုဖြစ်ပါသည်။
ငလိုက်စခန်းသာ ဆင်စခန်းသည် ရည်ရွယ်ချက် (၁) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတက်ရေးအတွက် (https://www.facebook.com/ Ngalaik ElephantConservationCamp? mibextid=JRoKGi) “ငလိုက် စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း-နေပြည်တော်” ဟု Facebook Page ဖွင့်လှစ်ထားပြီး ဆင်နှင့်ပတ်သက်သော ဗဟုသုတများ၊ စခန်းတွင်းဆောင်ရွက်ချက်များ လွှင့်တင်ပေးခြင်း၊ သတင်းမီဒီယာများတွင် ကြော်ညာခြင်း၊ သတင်းထုတ်လွှင့်ခြင်း၊ အခမ်းအနားများပြုလုပ်ခြင်း၊ လက်ကမ်းစာစောင် (Pamphlet) များ ဖြန့်ဝေခြင်းတို့ကို အများပြည်သူ လာရောက်လည်ပတ်နိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စခန်းသို့အများပြည်သူများ လာရောက် အပန်းဖြေ လည်ပတ်လာစေရန်နှင့် လာရောက်လည်ပတ်သူများ ထပ်မံ၍ လာရောက်လည်ပတ်စေရန် နည်းလမ်းများကို တာဝန်ရှိသူများက အမြဲတမ်းတီထွင်ကြံဆ ဆောင်ရွက်လျက်ရှိပါသည်။
ရည်ရွယ်ချက် (၂) ကိုဖော်ဆောင်သည့် အနေဖြင့် ငလိုက်စခန်းသာဆင်စခန်းတွင် ဆင်များ၏ သဘောသဘာဝ အသိပညာဗဟုသုတများကို စခန်းတာဝန်ရှိသူများက လိုက်ပါရှင်းလင်း ပြောကြားပေးခြင်း၊ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူထားခြင်း၊ ဆင်ပြတိုက်တစ်ဆောင်ကို ဖွင့်လှစ်ထားခြင်းတို့ ဆောင်ရွက်ထားပါသည်။ ယင်းဆင်ပြတိုက်တွင် ဆင်များ၏ ခန္ဓာဗေဒဖွဲ့စည်းပုံ၊ ဆင်စွယ် အမျိုး အစား များ၊ သစ်ဆွဲကိရိယာများ၊ သစ်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၏ ပုံစံငယ်များ၊ ဆင်ဝိုင်းဖွဲ့စည်းပုံ ပုံစံငယ် စသည်တို့ကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရှိပါသည်။ စာရေးသူတို့လို ဆင်အကြောင်း စိတ်ပါ ဝင်စားသူများအတွက် ဆင်ပြတိုက်သည် အချိန်ယူပြီး လေ့လာချင်သော နေရာတစ်ခုဖြစ်ပါသည်။ တက္ကသိုလ်ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းသား/သူများ လာရောက်လေ့လာနိုင်ရန်အတွက် ဆင်စခန်းတာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်း သိရသည်။
ရည်ရွယ်ချက် (၃) ကိုဖော်ဆောင်သည့် အနေဖြင့်လည်း ဆင်စားကျက်နေရာများကို ထိန်းသိမ်း ကာကွယ်ရာတွင် သစ်တော စိုက်ခင်းများတည်ထောင်ခြင်း၊ စခန်းဧရိယာအတွင်းရှိ သစ်မျိုးများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ ၁၉၈၄ ခုနှစ် ထင်းရှူးစိုက်ခင်း၊ ၁၉၈၅ ခုနှစ် သက်ကြီး ပိတောက် စိုက်ခင်း၊ ၁၉၈၅ ခုနှစ် သက်ကြီးကျွန်းစိုက်ခင်း၊ စခန်းဧရိယာအတွင်း ၂၀၂၀ ခုနှစ် သစ်မျိုးစုံစိုက်ခင်း တို့ကို စိုက်ပျိုးထားရှိပြီး လေ့လာကြည့်ရှု အပန်းဖြေနိုင်ပါသည်။ ထို့အပြင် ဆင်စခန်း ပတ်ဝန်းကျင်တွင် ရေဝေရေလဲ စိုက်ခင်း ၁ နှစ်လျှင် ၂၅ ဧကနှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ စုစုပေါင်း ရေဝေရေလဲစိုက်ခင်းပေါင်း ၁၂၅ ဧကကို စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရည်ရွယ်ချက် (၄) ကိုဖော်ဆောင်သည့်အနေဖြင့် ဆင်စခန်းအတွင်း စာသောက်ဆိုင်များ ဖွင့်လှစ် ခွင့်ပြု ထားခြင်း၊ စခန်းသို့ လာရောက်လည်ပတ်သူများအနေဖြင့် လှေစီးလည်ပတ်နိုင်ခြင်း၊ ဆင်စခန်း အနီးမှ ကျေးရွာသူ/သားများကို ဝန်ထမ်းအဖြစ်ခန့်ထားသုံးစွဲခြင်း စသည်တို့ကြောင့် ဆင်ဝန်ထမ်း မိသားစုဝင်များ၊ လှေသမားများ၊ စခန်းအနီးမှ ကျေးရွာများကို အလုပ်အကိုင် အခွင့်အလမ်းများ အထိုက် အလျောက် ပံ့ပိုးပေးနိုင်သော ဆင်စခန်းတစ်ခုဖြစ်ပါသည်။ ပုံမှန်အားဖြင့် ဆင်ဝန်ထမ်းတို့သည် တောတွင်းသစ်ကွက် များတွင်သာ နေထိုင်ရ၍ သားသမီးများ ပညာရေး၊ ကျန်းမာရေးကို သီးခြားစီစဉ်ဆောင်ရွက်ရပါသည်။ ဆင်စခန်းများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် သော ကျေးရွာ၊ မြို့ပြများတွင် တည်ရှိသောကြောင့် ဆင်ဝန်ထမ်းမိသားစုများအနေဖြင့် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းများ၊ ကျန်းမာ ရေးစောင့်ရှောက်ပေးနိုင်မှု အခွင့်အလမ်းများ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
နောက်ဆုံးရည်ရွယ်ချက်ကို ဖော်ဆောင်ရာတွင် ငလိုက်စခန်းသာဆင်စခန်းသည် ဝင်ငွေအများဆုံး ရရှိသော ဆင်စခန်းများတွင် အမြဲတမ်းပါဝင်သော ဆင်စခန်းတစ်ခုဖြစ်ပါသည်။ စခန်းစတင်ဖွင့်လှစ် သည့်ရက်မှ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလအထိ ပြည်တွင်း လာရောက်လည်ပတ်သူများမှ ဝင်ငွေ ကျပ်သန်း - ၂၆၄.၆၈၉ ရရှိပြီး၊ ပြည်ပလာရောက်လည်ပတ်သူများမှ ဝင်ငွေ ကျပ်သန်း - ၂၀.၉၉၇၊ စုစုပေါင်း ဝင်ငွေ ကျပ်သန်း -၂၈၅.၆၈၆ ကို နိုင်ငံတော်အတွက် အောက်ပါအတိုင်း ရှာဖွေပေးနိုင်ခဲ့သည်။
ငလိုက်ခန်းသာဆင်စခန်းသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ဝင်ငွေအများဆုံးရရှိသော ဆင်စခန်းတစ်ခုဖြစ်ပါသည်။ ၂၀၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံတော်အတွက် ပြည်တွင်း လာရောက်လည်ပတ်သူများမှ ကျပ်သိန်း-၂၅၆.၇၈၅ ရရှိပြီး၊ ပြည်ပလာရောက်လည်ပတ်သူများမှ ကျပ်သိန်း - ၄.၇၁၀၊ ဝင်ငွေစုစုပေါင်း ကျပ်သိန်း 261.495 အောက်ပါအတိုင်း ရှာဖွေပေးနိုင်ခဲ့ပါသည်-ငလိုက်စခန်းသာဆင်စခန်းအနေဖြင့် တဆက်တဆက်တည်းဖြစ်သော သစ်သားတံတားများကို ရွက်အုပ်ဖြတ် လျှောက်လမ်းတံတား၊ တောတွင်းဖြတ်လျှောက်လမ်းတံတား၊ ကြိုးတံတား၊ ရေပေါ်ဘော တံတား စသည်တို့ဖြင့် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုအတိုင်း အများပြည်သူ လေ့လာ အပန်းဖြေနိုင်ရေးအတွက် တည်ဆောက်ထားရှိသည်။
ထို့အပြင် အများပြည်သူ အပန်းဖြေနားနေနိုင်ရေးအတွက် ဆင်စခန်းတွင် ဓာတ်ပုံရိုက်ကူးနိုင်ရန်နေရာများ၊ ဆင်စာဘူဖေးကျွေးမွေးနိုင်ခြင်း၊ ကလေးကစားကွင်းများ၊ ပျိုးဥယျာဉ်များကို တည်ဆောက်ထားရှိပြီး ထပ်မံတိုးချဲ့ဆောင်ရွက် ရန်အစီအစဉ်များလည်း ရှိကြောင်း၊ ရုံးပိတ်ရက် လာရောက် လည်ပတ်သူများသောနေ့များတွင် ဆင်များ အက၊ အလှ ဆော့ကစားပြသော ဆင်ပြပွဲ (Elephant Show) များကို လည်း ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငလိုက်စခန်းသာဆင်စခန်းသည် အများပြည်သူများအနေဖြင့် ဆင်များကြည့်ရှုလေ့လာနိုင်ခြင်း၊ ဆင်စီးနိုင်ခြင်း၊ ဆင်ပြတိုက်တွင် ဆင်ဗဟုသုတများ လေ့လာနိုင်ခြင်း၊ သစ်ထုတ်လုပ်မှုလုပ်ငန်းများ လေ့လာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီး သဘာဝ တရားကို ခံစားနိုင်ခြင်း၊ ငလိုက်ဆည်အတွင်း အပန်းဖြေ ငါးမြှားနိုင်ခြင်း၊ လှေစီးခြင်း၊ ဆင်သရုပ်ပြမှုများအား ကြည့်ရှုခံစား နိုင်ခြင်း စသည် ဝန်ဆောင်မှုများ ရရှိနိုင်ကြောင်းသိရသည်။
ငလိုက်စခန်းသာ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနလက်အောက်ရှိ ဆင်စခန်း ၂၄ ခုတွင် ဆင်စခန်းရည်ရွယ်ချက်များကို အောင်မြင်အောင်စွမ်းဆောင်နိုင်ပြီး အများပြည်သူကို စိတ်အပန်းဖြေနိုင်ရန် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သော၊ နိုင်ငံတော်အတွက် ဝင်ငွေကို တိုးတက်အောင်မြင်အောင် စွမ်းဆောင်နိုင်သော ဆင်စခန်းတစ်ခု ဖြစ်ပါသည်။ ပြည်သူအများ အနေဖြင့်လည်း ဆင်စခန်းသို့ စိတ်အပန်းဖြေ လာရောက်လည်ပတ်ခြင်းဖြင့် မြန်မာ့ဆင်များ ရေရှည်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေပါကြောင်း။
ဘီဖော်ဘို၊ ဒီပါလင်း