ဥတ္တရခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဥတ္တရသီရိ မတ် ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရခရိုင် အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်သန္တာ​အေးက အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ၊ တိုင်း/ခရိုင်/မြို့နယ် အမျိုးသမီး ကော်မတီဖွဲ့စည်းခြင်း၊ အိမ်တွင်းမှုသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်နိုင်မှုအခြေအနေများ၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ပြည်သူများထံမှ တင်ပြလာသည့် အမှုကိစ္စများဆောင်ရွက်ပေးခြင်း၊ သက်ငယ်မုဒိမ်း ကျား/မခွဲခြားဆက်ဆံမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ဥတ္တရခရိုင် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ကော်မတီဝင်များ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)