ကျောက်ဆည် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက သီရိသာသနာ့ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တပါမောက္ခာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ကျောက်ဆည်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီ စာသင်တိုက်ပဓာနနာယက ဘဒ္ဒန္တပညာသာမိက (မဟာဂန္တဝါစကပဏ္ဍိတ) မှ စာအောင်ဆုချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့် စာအောင်ဆုများဆက်ကပ်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းကုန်းကျောင်းတိုက်မှ ဘဒ္ဒန္တဃောသိတအရှင်သူမြတ် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနားယူ၍ ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပင့်သံဃာ(၅၂)ပါးနှင့် စာအောင်သံဃာတော်(၁၅၈)ပါး၊ စုစုပေါင်း(၂၁၀)ပါးတို့အား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စက်ရုံ/အလုပ်ရုံများမှဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ ငွေကျပ်(၁၂၁၃၈၄၀၀)ကျပ်တန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများနှင့်အတူ ဝတ္ထုငွေ(၅၉၅၃၇၀၀)ကျပ်၊ စုစုပေါင်းငွေကျပ် (၁၈၀၉၂၁၀၀)ကျပ်အား လောင်းလှူဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင်၊ ပြန်/ဆက်)