ချင်းရွှေဟော် နိုဝင်ဘာ ၄
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ ညနေ(၄)နာရီ အချိန်က နေရပ်ပြန်ပြည်သူငါးဦးအား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူငါးဦးတို့မှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးတို့ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှနှစ်ဦး၊ မူဆယ်မြို့နယ်မှနှစ်ဦးနှင့် နမ္မတူမြို့နယ်မှတစ်ဦးတို့ဖြစ်ကြသည်။
ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့ မှ ယနေ့ အထိ အမျိုးသား(၈၆၉၄) ဦး နှင့် အမျိုးသမီး(၇၀၂၂)ဦးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန် ပြည်သူ(၁၅၇၁၆)ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ ကြောင်းသိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)