ဆေးဝါးတက္ကသိုလ်(မန္တလေး)၌ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပ

အမရပူရ မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဆေးဝါးတက္ကသိုလ် (မန္တလေး)၊ ဘက်စုံခန်းမတွင် ယနေ့ နေ့ ၂ နာရီ အချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆေးဝါးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ကိုယ်စား ဆေးဝါးဘက်ဆိုင်ရာ ဓာတုဗေဒဌာန၊ ပါ​မောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါက်တာ ဒေါ်အိအိသင်းက အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း သိကောင်းစရာများကို အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက ရှင်းလင်းဆွေးရာတွင် စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းကာလ၊ ယာယီရွေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဥ်၊ ပြည်သူ့စစ်မှုထမ်းကင်းလွတ်ခွင့်နှင့် ကာလရွေ့ဆိုင်းမှုဆိုင်ရာများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်သည့် ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စစ်မှုထမ်းဥပဒေနှင့် ပတ်သတ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်တေဇက ဖြည့်စွတ်ဟောပြောပြီး လက်ရှိကောလဟလများအကြောင်းတို့ကို ဟောပြောပေးခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းဆွေးခဲ့ရာ အမရပူရခရိုင် စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြန်လည်ဖြည့်စွတ်ပြောကြားပေးခဲ့ကြောင်း သိရသည်။

ယနေ့ ဟောပြောမှုကို ပါမောက္ခဒေါက်တာ ဒေါ်အိအိသင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)