မောက်မယ်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်

မောက်မယ် မတ် ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယနေ့နံနက်ပိုင်း ၇ နာရီခွဲက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ စတင်ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားသင်တန်းတွင် မတ်လ(၁)ရက်နေ့မှစတင်ကာ မတ်လ(၃၀)ရက်နေ့အထိ ဖွင့်လှစ်လေ့ကျင့်ပေးသွားမည်ဖြစ်ပြီး အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘော၊ ဘက်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ပြေးခုန်ပစ်နှင့် အေရိုးဗစ်သင်တန်းတို့ ပါဝင်ကြောင်း သိရသည်။ ထိုသင်တန်းများအား မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၊ နမ့်ယွမ်းခန်းမနှင့် မြို့နယ်အား/ကာရုံးများတွင် ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေး ဖွင့်လှစ်သင်ကြားရာ စိတ်ပါဝင်စားစွာဖြင့် သင်တန်းသို့ လာရောက်တက်ရောက်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြ ဦးစိုင်းလှမျိုးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)