ရန်ကုန် မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင်းရှိ လှည်းတန်းစျေး၊ ဆင်မလိုက်စျေးနှင့် သံလွင်စျေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဈေးများရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးမင်းသန်းက မီးပေါ့ဆမှုကြောင့် သာမန်မီးလောင်မှု၊ လောင်စာဆီ၊ အခြားမီးလောင်မှုများနှင့် ကြုံတွေ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် မီးသတ်ဆေးဘူးအသုံးပြုပုံနည်းစနစ်ကို ဟောပြောရှင်းလင်းပြသခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ် ၂ စီး၊ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် ၁ စီးဖြင့် မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်သရုပ်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စျေးသူစျေးသားများက မီးသတ်ဆေးဘူးဖြင့် စနစ်တကျ အလွယ်တကူမီးငြှိမ်းသတ်နည်း၊ ဂက်(စ်) မီးဖိုယို့စိမ့်၊ ပိုက်ပေါက်မှုကြောင့် မီးလောင်မှုဖြစ်ခြင်းအား မီးငြိမ်းသတ်နည်းကိုလက်တွေ့ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
မီးငြိမ်းသတ်ခြင်း သရုပ်ပြဇတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ စျေးအကျိုးတော်ဆောင်အဖွဲ့နှင့် စျေးသူစျေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)