ကျောက်ပန်းတောင်းမြို့ G.T.I တွင် Quarantine ဝင်ရောက်နေသူများ ကြိုတင်မဲပေးနိုင်စေရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်ပေးလျှက်ရှိ

ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(GTI)တွင် Quarantine ဝင်ရောက် နေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်စေရန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ ကျန်းမာရေးဌာနနှင့်သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ ပူးပေါင်း၍၊ ယနေ့ နံနက်(၁၀)နာရီကစတင်ကာ၊ အဆိုပါ ကျောင်းရှိ Quarantine Center ဖွင့်လှစ်ထားသည့် ပုပ္ပားဆောင် နှင့် စကားဝါဆောင် တို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာနှင့်ထိစပ်သူများ၊ ရန်ကုန်တိုင်း ဒေသကြီးမှ ပြန်လည်ဝင်ရောက်လာသူများကို အဆောင်(၂)ဆောင်ခွဲ၍ Quarantine ထားရှိကြောင်းသိရပြီး၊ ပုပ္ပားဆောင် တွင် ရပ်ကွက်/ကျေးရွာအသီးသီးမှ Quarantine ဝင်ရောက်နေသူ(၉၂)ဦးရှိပြီး၊ စကားဝါဆောင်တွင် (၂၃)ဦး စုစုပေါင်း (၁၁၅) ဦးရှိကြောင်း သိရပြီး၊ အဆိုပါ အဆောင်(၂)ဆောင်မှ အသက်ပြည့်ပြီး မဲစာရင်းပါရှိသူများကိုသာ ၊ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက်၊ ကြိုတင်ဆန္ဒမဲပေးနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးစိုင်းအောင်မြတ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝမ်းတင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းမင်းအောင်နှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ပါတီကိုယ်စားလှယ်များ လုံခြုံရေးအထူးရဲများ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး၊ Quarantine ဝင်နေသူများ ကြိုတင်မဲပေးနိုင်စေရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမဲစာရင်း အလိုက် မဲစာရင်း ပါရှိသူများကို ခေါ်ယူ၍ ဆန္ဒပြုသူ၏ သဘောဆန္ဒအတိုင်း တံဆိပ် တုံးရိုက်နှိပ်ပေးခြင်း၊၎င်းနောက်မဲလက်မှတ်အား မဲဆန္ဒရှင် မြင်သာအောင် ပြသ၍  မဲလက်မှတ် စာအိပ်ပိတ်ခြင်းနှင့်မဲပုံအတွင်းမဲလက်မှတ်ထည့်ခြင်းများကို Quarantine Center မှ တာဝန်ပေးအပ်ထားသူ တစ်ဦးက PPE ဝတ်စုံဝတ်ဆင်၍ ဆောင်ရွက်ပေးစေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ G.T.I Quarantine Center ရှိ မဲဆန္ဒရှင်များကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ(၅)ရက်နေ့အထိ သတ်မှတ် ထားရှိပြီး၊ အဆိုပါလုပ်ငန်းများကို Quarantine Center တွင်လုံခြုံရေးတာဝန်ယူနေသည့် ကျောက်ပန်းတောင်းလူငယ် ကွန်ရက် အဖွဲ့က ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး၊ နိုဝင်ဘာ(၆)ရက်နှင့်(၇)ရက်နေ့များတွင် ဆေးရုံတက်ရောက် ဆေးကုသနေသူများအား ကြိုတင်မဲပေးနိုင်စေရန်စီစဉ်ထားရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

နေအောင်(ပြန်/ဆက်)