အင်းစိန်မြို့နယ်၌ မီးဘေးအသိပညာပေး ဟောပြော၊ သရုပ်ပြခြင်းနှင့် မြို့နယ်အတွင်းသို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရန်ကုန် မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးအသိပညာပေးဟောပြော၊ သရုပ်ပြခြင်းနှင့်မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၈)နာရီက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်တွင် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုများ သွယ်တန်းထားရှိမှုများ၊ တပ်ဆင်ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်း၊ ကိရိယာများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုစစ်ဆေးခဲ့ပြီး အသိပညာပေးလုပ်ငန်းအဖြစ် မီးဘေးအန္တရာယ်အသိပညာပေး ပိုစတာများကပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးအကြောင်းအရာများကို ပြောကြားခဲ့သည်။

ထို့ပြင် အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ်နှင့်တာဝန်ရှိသူများက ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ မြန်မာ့သစ်လုပ်ငန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးအဖြစ် မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းများ ဆောင်ရွက်သည်။

အင်းစိန်မြို့နယ်၊ မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ကွက်များနှင့်ဈေးများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၊ အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိုစတာများကပ်ခြင်း၊ လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)