မုံးထ မတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၌ တောင်သူများစိုက်ပျိုးထားသည့် ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကြက်သွန်ဖြူကို စားသုံးပါက နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အအေးမိခြင်း၊ ကင်ဆာရောဂါနှင့် ကိုလက်စထရောများခြင်းကို ကာကွယ်ပေးသည့်အပြင် ကြက်သွန်ဖြူသည် သွေးထဲတွင်ရှိသည့် အချိုဓာတ်(သကြားဓာတ်)ကိုလည်း ထိန်းညှိပေးသည့်အတွက် ဆီးချို၊ သွေးချိုရောဂါများ ဖြစ်ပွားခြင်းကို လျော့နည်းစေနိုင်ကြောင်းလည်း သိရသည်။
အဆိုပါ ကြက်သွန်ဖြူကို မစိုက်ပျိုးမီ လယ်မြေအား ပေါင်းသတ်ဆေးဖျန်း ဘောင်ဖော်ပြီး တစ်တန်းနှင့် တစ်တန်း (၄)လက်မခွာကာ တစ်ပင်နှင့် တစ်ပင် (၂)လက်မခြား ရေမြောင်းဖော်၍ မြေပျော့ပျောင်းအောင် ရေသွင်းထားရပြီး မြေပျော့ပျောင်းလာပါက အမွှာများပြုလုပ်ထားသည့် မျိုးကြက်သွန်ဖြူအား စတင်စိုက်ပျိုးကြပြီးလျှင် ရေအစိုဓာတ်ထိန်းထားနိုင်ရန် ကောက်ရိုးများဖုံးအုပ်ထားရကြောင်း၊ စိုက်ပြီးဘောင်အမြင့်နှင့်အညီ ရေပေးသွင်းရသဖြင့် မြေအစိုဓာတ်ပေါ်မူတည်၍ (၁)ပတ်လျှင် တစ်ကြိမ်ခန့် ရေထပ်မံသွင်းရကြောင်း၊ လက်ဖြင့် ပေါင်းနှိမ်နင်းရပြီး အပင်အားတိုးဆေး စသည်တို့ကို အသုံးပြုရကြောင်း သိရသည်။ ယခုစိုက်ပျိုးထားသည့် ကြက်သွန်ဖြူများ အောင်မြင်ထွန်းလျက်ရှိပြီး ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်းတို့ကို တောင်သူ ဦးစိုင်းယု၏ ပြောကြားချက်အရ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)