ဇမ္ဗူသီရိ မတ် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာ SMU ခန်းမတွင် မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ချေးခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ ပျဉ်းမနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဒေါ်ကေဇင်လှိုင်၊ ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ခံနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းချေးငွေထုတ်ချေးပေးခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က မြစိမ်းရောင်စီမံကိန်းချေးငွေများ အကျိုးရှိထိရောက်စွာအသုံးပြုကြရန်နှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းပြောကြားကာ အဖျက်အမှောက်သတင်းများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၏လုပ်ကြံဖန်တီးမှု ကောလာဟလများအား မယုံကြည်ကြရန်နှင့် မသင်္ကာဖွယ်ရာတွေ့ရှိပါက အမြန်ဆုံးသတင်းပို့ကြရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်စသည့်လုပ်ငန်းမျိုးအစားတို့အတွက် မြစိမ်းရောင်ချေးငွေများအား Mobile Payment စနစ်ဖြင့် အသင်းသား ၁၅၇ ဦးတို့ကို ကျပ် ၄၆၄ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)