လယ်ဝေးမြို့တွင် ၂၀၂၄-ခုနှစ်၊ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ ကျင်းပ

 

လယ်ဝေး မတ် ၁

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၄-ခုနှစ်၊ ကာယပညာနှင့်အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)တွင် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မိုးဇော်ထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အဖွင့်မှာစကားပြောကြားရာတွင် ယခုသင်တန်းသည် မိမိတို့ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူဖြစ်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အရည်အသွေးရှိသော ကာယပညာဆရာ၊ ဆရာမများပေါ်ထွက်လာပြီး ကျောင်းသားအားကစားလုပ်ငန်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်ကာ အရည်အသွေးရှိသော ကျောင်းသားအားကစားသမားများ ပေါ်ထွန်းလာစေရန်ဖြစ်ပါကြောင်း၊ လက်ရှိဖော်ဆောင်နေတဲ့ KG+12 ကာယပညာသင်ရိုးကို ပေါက်မြောက်အောင် အကောင်အထည်ဖော်ရမှာဖြစ်လို့ အလေးထားကြိုးစားကြစေလိုကြောင်း၊ ယခုသင်တန်းသည် မွမ်းမံသင်တန်းဖြစ်၍ အားကစားနည်းအလိုက် အမှန်တကယ်တတ်ကျွမ်းသည့်သူများကို ရွေးချယ်စေလွှတ်ကြောင်း သိရပြီး အားကစားနည်းအလိုက် သင်ကြားပို့ချပေးသော စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သေချာဂရုစိုက်ပြီး လေ့လာမှတ်သားကြရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ တက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ သင်တန်းများအား အားပေးစကားပြောကြားခဲ့သည်။ အားကစားနည်း ၇ မျိုးအား နည်းပြဆရာ၊ ဆရာမ ၃၅ ဦးမှ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းသား၊ သင်တန်းသူ ၃၁၅ ဦးတက်ရောက်ကာ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၈မှ မတ်လ ၁၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)