တာမွေ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင်ကွက်သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ်လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူးစိုးမင်းထက်က ပြည်သူ့စစ်မှုထမ်းခြင်းနှင့်ပတ်သက်သည့် အမျိုးသားရေးတာဝန်များ၊ ပြည်သူတွေအနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန်ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့်အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ပြည်သူများလက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)