နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ညှိနှိုင်းအစည်းအဝေး တက်ရောက်

ပျဉ်းမနား မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်‌ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းလာစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ National Road Safety Action Plan စီမံချက်အောင်မြင်စေရေးအတွက် ခရိုင်၊ မြို့နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း CCTV ၅၃၅ ခုကို တပ်ဆင်ဆောင်ရွက်ထားရှိကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးမှုနှင့် စစ်ဆေးအရေးယူမှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းလိုင်စင်အသစ် လာရောက်လျှောက်ထားချိန်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပေးဟောပြောခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနလိုက် ဆောင်ရွက်သွားစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၌ ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမှူးက တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)