မြစ်သားမြို့နယ်တွင် ရွှေဖလားမျိုးကြက်သွန်နီများ အထွက်နှုန်းကောင်းမွန်ပြီး စျေးနှုန်းတည်ငြိမ်လျက်ရှိ

မြစ်သား ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ကြက်သွန်နီပွဲရုံများတွင် ဒေသခံတောင်သူများ စိုက်ပျိုးရောင်းချသည့် ကြက်သွန်နီကုန်များ အဝင်များလျက်ရှိပြီး စျေးနှုန်းမှာလည်း တည်ငြိမ်မှုရှိကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

မြစ်သားမြို့နယ် ဒေသခံတောင်သူများအနေဖြင့် ကြက်သွန်နီများကို မိသားစုဝင်ငွေအဖြစ် အဓိကထား စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး ထွက်ရှိသောကြက်သွန်နီများကို မြစ်သားမြို့ပေါ်ရှိ ကြက်သွန်ပွဲရုံများတွင် နေ့စဥ်တင်ပို့ရောင်းချလျက်ရှိရာ ယနေ့အထိ ကုန်ချိန် ပိဿာ ၁၀,၀၀၀ ကျော် အရောင်းအဝယ်ရှိကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မြစ်သားမြို့ပေါ်ရှိကြက်သွန်ပွဲရုံများအနေဖြင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကြက်သွန်ပွဲရုံများသို့ နေ့စဥ်စျေးနှုန်းအလိုက် ရောင်းဝယ်ပြုလုပ်နေပြီး လက်ရှိကြက်သွန်နီစျေးနှုန်းမှာ အမြင့်ဆုံးစျေး တစ်ပိဿာလျှင် ကျပ် ၂၈၀၀ ရရှိနေသည်။

မြစ်သားမြို့ထွက်ကြက်သွန်နီများကို ပြည်တွင်းရှိ မြို့နယ်များအပြင် ပြည်ပသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ နေ့စဥ်ကုန်တန်ချိန် ပိဿာ ၁၀,၀၀၀ ကျော် တင်ပို့ရောင်းချနေရကြောင်း၊ ယနေ့အချိန်ထိ ကြက်သွန်ဈေး တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ဒေသခံတောင်သူများနှင့် ကြက်သွန်နီရွှေပြည်သာပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)