ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ

 ဒဂုံမြောက်  ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက စာပေချစ်မြတ်နိုးသူများနှင့် ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။ 

 အဆိုပါ စာဖတ်ဝိုင်းတွင် စာရေးဆရာ မောင်အောင်မွန်ရေးသားသည့် “ရူးတုန်းမိုက်တုန်းသည် အရွယ်နှင့် ဝတ္တုတိုများ” စာအုပ်ဖြင့်မှ   ရွှေဒေါင်းညို၊ တန်းတူအခွင့်အရေး၊ နစ်နေသောဗူးတောင်းကလေးများ ခေါင်းစဉ်တို့ဖြင့် စာဖတ်ဝိုင်းဆွေးနွေး‌ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေး‌ပွဲတွင် ဆောင်ရွက်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက စာဖတ်ဝိုင်း ကျင်းပခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာရေးဆရာ မောင်ခြိမ့်က  ရွှေဒေါင်းညိုဝတ္တုတိုနှင့် ပတ်သက်၍  ကျောင်းနေ အရွယ်ကလေးငယ်များ ပညာမသင်ကြားရ၍ အသိပညာနည်းပါးမှုများ၊ ‌မိဘများ၏ ဗဟုသုတ မကြွယ်ဝမှုများ၊ ကျေးဇူးသိတတ်မှု စသည်တို့ကို စာရေးဆရာက ခံစားမှုပေါ်လွင်စွာ ရေးဖွဲ့ထားမှုကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသောသူများမှ ၎င်းတို့၏ အမြင်များ၊ ရသခံစားမှုများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဆရာဦးအောင်မြင့် (အောင်မြင့်-သစ်လုပ်ငန်း) မှ တန်းတူအခွင့်အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမမဏိမဉ္ဇူက နစ်နေသော ဗူးတောင်းကလေးများ ခေါင်းစဉ်တို့ဖြင့် ဆက်လက်ဆွေးနွေးကြရာ တက်ရောက်လာကြသော ဆရာမခင်ယုသွေး၊ ဆရာမ မနွယ် (ကလော)၊ ဦးသန်းဦး၊ ပေါ်လာအောင် (ဇင်းကျိုက်)၊ အဓိပတိဖွား (ရွှေခြံသား)၊ မောင်သာ၊ ဆရာ ရာမညကိုအောင်၊  ဦးကျော်အေးတို့က ၎င်းတို့၏ အတွေ့အကြုံများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)