ကျိုင်းတုံ ဖေဖော်ဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်က အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အကျိုးခံစားခွင့်ရှိသူ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်နိုင်ရေးသက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စနစ်တကျ ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၇၀၈ ဦးအတွက် ငွေကျပ် ၂၁၂၄၀၀၀၀ ကိုလည်းကောင်း၊ မိုင်းလားမြို့နယ်မှ ဘိုးဘွား ၁၉ ဦးအတွက် ငွေကျပ် ၅၇၀၀၀၀ ကိုလည်းကောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ငွေများကို ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)