သင်္ဃန်းကျွန်း ဖေဖော်ဝါရီလ ၂၉
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အရှေ့ပိုင်းခရိုင်အတွင်း အမျိုးသမီးအရေးဆောင်ရွက်ချက်များ "စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ယုဒါရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပေါ်ပေါက်လာပုံနှင့် ၎င်းတို့ဌာနမှ အမျိုးသမီးများကာကွယ်စောင့်ရှောက်မှုများ၊ သင်္ဃန်းကျွန်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စန်းစန်းထွေးက အခက်အခဲကြုံတွေ့လာသည့် အမျိုးသမီးများအား ကူညီပူးပေါင်းဆောင်ရွက်မှုများ၊ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ အိဖြိုးအောင်က ဖြစ်ပေါ်လာသည့် အမှုကိစ္စရပ်အလိုက်ဆောင်ရွက်ခဲ့မှုများနှင့် သင်္ဃန်းကျွန်းခရိုင်မှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်မြမြစိုးက အမျိုးသမီးများ အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အထိမ်းအမှတ်နေ့များတွင် သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စကားဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ Talk Show ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှနွယ်