မုဒုံ ဖေဖော်ဝါရီ ၂၉
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောင်သူများ နွေစပါးသီးနှံစိုက်ပျိုးမှုနှင့် အခြားစိုက်ပျိုးရေးကဏ္ဍများ အောင်မြင်ဖြစ်ထွန်းစေရန် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝဓာတ်မြေသြဇာများကို ယနေ့နံနက် (၈) နာရီက စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။
ထိုသို့ ဖြန့်ဖြူးပေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ကြီးကြပ်၍ ဝန်ထမ်းများက ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ၊ စမ်းသပ် စံပြစိုက်ကွက်၊ တင်း(၁၂၀) စံပြကွက်များနှင့် နွေစပါးစိုက်ပျိုးမည့် မြို့မ(၁)ရပ်၊ ဘဲရမ်း၊ ထုံမံ၊ ကွမ်လှာကျေးရွာများမှ တောင်သူ (၇၀)ဦး၏ လယ်ဧက (၅၅၂) ဧကအတွက် တစ်ဧကလျှင် ယူရီးယာဓာတ်မြေသြဇာ တစ်အိတ်နှုန်း (၃၅၂၀၀) ကျပ်၊ ရွှေဇီဝ သဘာဝဓာတ်မြေသြဇာ လေးဧကလျှင် တစ်အိတ်နှုန်း (၄၈၀၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးသည်။
နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝ မြင့်မားလာစေရန် စိုက်ပျိုးရေး သွင်းအားစုဖြစ်သည့် ဓာတ်မြေသြဇာများကို စျေးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံများ မျိုးကောင်းမျိုးသန့်
ရရှိစေရန် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ထွက်ကုန်များကို တိုးမြှင့်ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေ ရေရှည်အကျိုးပြုနိုင်သည့် မြေသြဇာများကို အချိန်ကိုက်၊ အချိုးချ ထည့်သွင်းအသုံးပြုနိုင်ပါက သီးနှံအထွက်နှုန်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)