နေပြည်တော် ဖေဖော်ဝါရီ ၂၉
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ယက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်ရှိစေရေး တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာ လေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် တိုင်း/ခရိုင်/ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်(၈)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ MSME အသင်းဝင်များ၊ NCCI အသင်းဝင်များ၊ ဆန်ကုန်သည်များ၊ ဆီကုန်သည်များ၊ ဟိုတယ်လုပ်ငန်းရှင်များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နိုင်ငံတော်ပိုင် နေ့စဉ်သတင်းစာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် အမိန့်ကြော်ငြာစာကို ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ စတင်အာဏာသက်ဝင်လာပြီဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ဥပဒေအမှတ်၊ ၂၇/၂၀၁၀ ဖြင့် ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ)အရ ယခုကဲ့သို့ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်မည့်လူများအားလုံးကို အဆင့်အလိုက်၊ အရည်အချင်းအလိုက် လစာ၊ ရိက္ခာခံစားခွင့်အားလုံးပေးမှာဖြစ်ပါကြောင်း၊ လေ့ကျင့်မှုများကို တပ်မတော်သားများ တတ်သင့်တတ်ထိုက်သည့် နိုင်ငံတော်ကာကွယ်ရေးပညာရပ်အားလုံးကို အချိန်ပေးပြီး သင်ကြားပေးမှာဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်စေသည့် နေရာတွင်လည်း အဆင့်အလိုက်၊ အရည်အချင်းအလိုက်၊ အတွေ့အကြုံအလိုက် ရာထူးတာဝန်ပေးပြီး တာဝန်ထမ်းဆောင်စေရမှာဖြစ်ပါကြောင်း၊ သင်တန်းပြီးစီးပါက အဓိကကတော့ မိမိတို့ရပ်ရွာဒေသမှာရှိသည့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များမှာသာ တာဝန်ထမ်းဆောင်စေဖို့အတွက်ဖြစ်ကြောင်း၊ အဓိကက စစ်တိုက်ဖို့ဆိုသည်ထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်များနှင့် တာဝန်ထမ်းဆောင်ရမယ်၊ လုံခြုံရေး၊ ကာကွယ်ရေးအသိပညာများကို ပြည်သူလူထုထဲမှာ ပျံ့နှံ့သွားအောင်၊ နောင်ရေရှည်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများသည် ကာကွယ်ရေး၊ လုံခြုံရေးနှင့်ပတ်သက်သည့် အသိပညာကြွယ်ဝသော မိမိနိုင်ငံကို မိမိအင်အားတောင့်တင်းစွာဖြင့် ခိုင်မာစွာကာကွယ်နိုင်သော မိမိ၏လုံခြုံရေး၊ မိမိ၏ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်နိုင်သော အခြေအနေမျိုး ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားရမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်ပါကြောင်း၊ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝ လုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်စေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်စာရင်း စစ်ဆေးမှုများကို တွေရှိပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးသည့်နောက်တွင် ရပ်ရွာအေးချမ်းသာယာရေးကို ထိန့်လန့်တုန်လှုပ်ခြောက်ခြားစေရေး ရည်ရွယ်ချက်ထားပြီး လုပ်ကြံဖန်တီးမှုလုပ်ရပ်များကို တွေ့ရပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် သတ်မှတ်ထားသည့် အသက်အရွယ်အတွင်းမှာ ဥပဒေနှင့်ကိုက်ညီသူများထဲမှ ပညာသင်ကြားနေဆဲသူ၊ မိအိုဖအို ပြုစုလုပ်ကျွေးနေရသူ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသူများကို ယာယီရွှေ့ဆိုင်းပေးထားမှာဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းဖို့ မသင့်လျော်သူများကိုလည်း အကြောင်းမဲ့သက်သက် ခေါ်ယူမှာမဟုတ်သလို၊ ယခုကာလတွင်လည်း အမျိုးသမီးများကို ပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း သတင်းထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရရပ်တည်မြဲမြံစေရန်အတွက် စောင့်ထိန်းရမည့် အမျိုးသားရေးတာဝန်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပြန်လည်လျှောက်လှမ်းနိုင်ရန် ဦးစွာလိုအပ်ချက်မှာ နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းမှုရရှိရေးပင် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး နိုင်ငံတော် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်နေကြောင်း ပြောကြားသည်။
ထို့နောက် ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုဦး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ထွန်းလင်းဦးနှင့် ပျဉ်းမနားခရိုင် ဥပဒေအရာရှိ ဦးလှစိုးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကေင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ သက္ကယ်ချင်းကျေးရွာအုပ်စု၊ သက္ကယ်ချင်းကျေးရွာရှိ သုတဝေဖြာပညာကမ္ဘာ စာကြည့်တိုက်တွင် လူငယ်လူရွယ်များနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန်အတွက် လယ်ဝေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ဖြင့် သုတရသစာအုပ်စာစောင်များ ငှားရမ်းပေးနေမှုအခြေအနေများနှင့် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုများကို ကြည့်ရှုအားပေးပြီး ကျေးရွာစာကြည့်တိုက်အတွက် မတည်ငွေများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သက္ကယ်ချင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ စာကြည့်တိုက်များအားလုံးတွင် ပြည်သူများ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် စာပေဗဟုသုတများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လူငယ်များ အသိပညာ၊ အတတ်ပညာများတိုးတက်ရေးအတွက် အကျိုးရှိမည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရေး၊ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)