မော်လမြိုင် ဖေဖော်ဝါရီ ၂၉
၂၀၂၄ ခုနှစ်၊ ဧပြီလ၌ဆောင်ရွက်မည့် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် စာတတ်မြောက်ရေးပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စာတတ်မြောက်ရေး လုပ်ငန်းစီမံချက်ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်နယ်အဆင့်လုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်း ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီး ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်မြောက်ခြင်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဘဝလူနေမှု အဆင့်အတန်းသာမက မိသားစု၊ ရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သလို ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ ပညာခေတ်တွင် ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားပြည်သူများ၏ ပညာရည်မြင့်မားရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုအပ်ပြီး ရပ်ရွာအတွင်းရှိ စာမတတ်သူများ၊ ကျောင်းမနေဖူးသူများအား စာသင်သားများစာရင်းနှင့်စာသင်ဝိုင်းစုဖွဲ့စာရင်းများ ကောက်ယူရန်နှင့် စေတနာလုပ်အားပေးနည်းပြများစာရင်းအား ကောက်ယူနိုင်ရေးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများရဲ့ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအားလုံး အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်မှ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ၌ ဆောင်ရွက်မည့် မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး မွန်ပြည်နယ်ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဒေါ်နန့်စယ်လီလှိုင်မှ မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်နှင့် စာသင်သားစာရင်း၊ စာသင်ဝိုင်းစုဖွဲ့မှုပုံစံများအားလည်းကောင်း၊ ရပ်ရွာအတွင်းရှိ စေတနာလုပ်အားပေးနည်းပြနှင့် ကြီးကြပ်စာရင်းကောက်ပုံစံများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် စာတတ်မြောက်ရေး ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ကြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
စည်သူ(ပြန်/ဆက်)