မန္တလေး ဖေဖေါ်ဝါရီ ၂၉
အောင်မြေသာစံခရိုင်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ပိုမိုထိရောက်လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း၊ ၂၂×၂၆ လမ်းကြားရှိ Ayarwaddy River View Hotel တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ အောင်မြေသာစံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးသန်း(ခရိုင်ရဲတပ်ဖွဲ့မှူး)နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး ဦးမင်းအောင်ဖြိုးနှင့်ကော်မတီဝင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းပိုင်ရှင်များ၊ တာဝန်ခံများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒေါက်တာအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယရဲမှူးကြီး စိုးသန်းက လုံခြုံရေးဆိုင်ရာများကို ရှင်းလင်းတင်ပြခြင်းကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒေါ်စိုးစိုးက အလုပ်ရှင်၊ အလုပ်သမားများ၏ အလုပ်စာချုပ်များ ပေးပို့ကြရန်လည်ကောင်း၊ ဦးမင်းအောင်ဖြိုးက ကော်မတီလုပ်ငန်းဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဒေါ်နီလာအောင်က ကော်မတီဆိုင်ရာလိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့်ကော်မတီဝင်များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ခံများက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ အခက်အခဲများကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကညှိနှိုင်းခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း