မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား) နှင့် ပူးပေါင်းဆောင်ရွက်မည့် စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြစ်ကြီးနားမြို့ ကျောက်မျက် ပြပွဲကျင်းပနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ အားလုံးသိပြီးဖြစ်သည့် အတိုင်း ပြည်နယ်အတွင်း လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူးမော်ဟန် ရတနာနယ်မြေက ထွက်ရှိသော ကျောက်စိမ်းများသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းမွန်ဆုံးသော ကျောက် စိမ်းများဖြစ်ပါကြောင်း၊ ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းကျောက်မျက်ပြပွဲများကို (၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀) ခုနှစ်များတွင် (၃) ကြိမ်ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ကျောက်မျက်ပြပွဲပြုလုပ်နိုင်ပါက နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေရရှိခြင်း၊ တရားမဝင်ရောင်း ဝယ်မှုများ ပပျောက်လာမည်ဖြစ်ခြင်း၊ ပြည်တွင်းအရောင်း အဝယ်ဈေးကွက်ဖြစ်ပေါ်လာသည်နှင့်အမျှ သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်ရေး စသည့် စပ်ဆက်နေသော အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်ကြီးနားမြို့တွင် ကျောက်မျက်ပြပွဲကျင်းပ နိုင်ရေး လိုအပ်ချက်များ/အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မြစ်ကြီးနား)မှ ဒုတိယ ဥက္ကဋ္ဌ ဦးတူးခေါင်က မြစ်ကြီးနားမြို့၌ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်ပြပွဲများ ကျင်းပ ပြုလုပ်နိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်‌ရေး လုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇင်မင်းထွန်းက ပြပွဲဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည်။

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးအောင်လနှင့် တာဝန်ရှိသူများက ကျောက်စိမ်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ရာတွင် လည်းကောင်း၊ ကျောက်စိမ်းတွဲများ သယ်ယူပို့ဆောင်ရာတွင် လည်းကောင်း၊ ပြသ/ရောင်းဝယ်ရာတွင်လည်းကောင်း တွေ့ကြုံလာနိုင်သည့် အခက်အခဲများ၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို သုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြရမည့်ကိစ္စရပ်များနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကချင်ပြည်နယ်ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် အတူ အသင်းပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထား သည့် ကျောက်မျက်ရတနာအချောထည်အရောင်းဆိုင်တန်းများ၌ ပယင်းအချောထည် ရောင်းဝယ်ရေးစင်တာအတွင်း ဒေသထွက် ပယင်းရတနာများ အချောထည်ပြုလုပ်ရောင်းချနေမှု အခြေအနေများနှင့် ကျောက်စိမ်းကျောက်မျက် ရောင်းဝယ်ရေးဈေးတန်းတို့တွင် ကျောက်စိမ်းသွေး ဖြတ်ရောင်းချနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)