ပင်လောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

 

ပင်လောင်း ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဘက်စုံသုံးအစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဇော်ဝင်းနိုင်က Online ပေါ်တွင် တရားမဝင်မီဒီယာများမှ သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေသည့်အတွက် ပြည်သူများမှ မိမိတို့၏ ကိုယ်ပိုင်စဥ်းစားဥာဏ်ဖြင့် အမှားအမှန်ဝေဖန်သုံးသပ်နိုင်ရန် အရေးကြီးကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက တက်ရောက်လာကြသော ပြည်သူများအနေဖြင့်ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်စေခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြဋ္ဌာန်းရခြင်း နောက်ခံသမိုင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်းစောင့်ထိန်းရန်တာဝန်များ၊ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်များကို ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ယာယီရွေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေဦးက မြို့နယ်အတွင်း Biometric Data စာရင်းများကောက်ယူခြင်း၊ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမျိုးမျိုးနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသတွင်းလုံခြုံရေးအခြေအနေများအတွက် ဆောင်ရွက်ပေးရသည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ဆောင်စာစောင်တို့အား အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ စုစုပေါင်း (၁၂၅) ဦးတို့အား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)