မိုးညှင်း ဖေဖော်ဝါရီ ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အုပ်ကျင်းရပ်ကွက် အောင်ချမ်းသာရပ်တွင် ယနေ့ နံနက် (၄)နာရီ (၄၅)မိနစ်ခန့်က လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးညှင်းမြို့ အုပ်ကျင်းရပ်ကွက် အောင်ချမ်းသာရပ် အိမ်အမှတ် (၂၀၈)၊ ဦးမျိုးဇင်ထွန်း၏ နေအိမ်တွင် နေထိုင်သည့် ဦး------ (စိတ်ပေါ့သွပ်သူ) ကျပန်းလုပ်ကိုင်သူသည် နေအိမ်တွင် ဆေးလိပ် သောက်ရာမှ ဇာခြင်ထောင်အား မီးကူးစက်ပြီး ဇာခြင်ထောင်မှတစ်ဆင့် နေအိမ်ထရံအား ဆက်လက် မီးကူးစက်လောင်ကျွမ်းသဖြင့် အိမ်နီးချင်းနေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ထိုမီးလောင်မှု နေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ကြရာ နံနက်(၅)နာရီ (၂၀)မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးအားပေါ့ဆစွာ အသုံးပြုသူ ဦး ------ အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ရွှေမိုးညှင်း