မှော်ဘီ ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်မော်မော်သန်းဦးဆောင်သော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင် အလှူရှင်များ ပူးပေါင်း၍ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်းရှိ သီလရှင်စာသင် တိုက် (၃၇) ကျောင်းအား ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မှော်ဘီမြို့နယ် ပုညာရာမ သီလရှင်စာသင်တိုက်နှင့် အဘွားများ ရိပ်သာကျောင်းတိုက် မြို့နယ်သီလရှင်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်ပုညစာရီထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကြွရောက်လာသော သီလရှင်ဆရာကြီး၊ ဆရာလေးများထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်များအတွင်းရှိ သီလရှင်စာသင် တိုက် (၃၇) ကျောင်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ ဇနီးဒေါ်နီနီ ထွန်း၊ စည်ပင်သာယာရေးဝန်ကြီး၏ ဇနီးဒေါ်စမ်းစမ်းအေး၊ စီးပွားရေးရာဝန်ကြီး၏ ဇနီးဒေါ်မီမီစန်း၊ အတွင်းရေးမှူး၏ ဇနီး ဒေါ်ဖြူဖြူစိန်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သီသီနွယ်၊ လေးကျွန်းသူအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်သီတာစန်း၊ အမျိုးသမီးအားကစား ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော်(ပြန်/ဆက်)