နောင်တရား ဖေဖော်ဝါရီလ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်အမယ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် (Work Plan)များအား ရေးဆွဲရန်အတွက် လက်ဖက်ထုတ်ကုန်အဖွဲ့၊ ဒေသခံလက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင်ကျင်းပသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် လက်ဖက်ထုတ်ကုန်အဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးတင့်က ဒေသအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် (Work Plan)များအား ရေးဆွဲရန်အတွက် စိုက်ပျိုးရေးလိုအပ်ချက်၊ ထုတ်ကုန်လိုအပ်ချက် အခြေအနေများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် ပြောကြားသည်။ ထို့နောက် အဖွဲ့ဝင်များဖြစ်သည့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီအောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်ကျော်ဌေး၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စုရည်တို့က မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော လက်ဖက်ရောင်းဝယ်သည့် ကုန်သည်များ၊ လက်ဖက်ထုတ်ကုန်ထုတ်လုပ်သော လုပ်ငန်းရှင်များနှင့် လက်ဖက်စိုက်ပျိုးသည့် တောင်သူများက မိမိတို့ အားနည်းချက်၊ လိုအပ်ချက်၊ အားသာချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး လက်ဖက်ထုတ်ကုန်အဖွဲ့ခေါင်းဆောင်က ဆွေးနွေးချက်များ၏ ဆုံးဖြတ်ချက်များနှင့် အားနည်းချက်၊ အားသာချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)