မကျီးတိုင်းကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများကို ကျေးရွာများအရောက် ကွင်းဆင်းရှင်းလင်းဆွေးနွေးလျက်ရှိရာ၊ ယမန်နေ့မွန်းလွဲ(၂)နာရီက မကျီးတိုင်းကျေးရွာအုပ်စု မကျီးတိုင်းကျေးရွာသို့ရောက်ရှိကြပြီး၊ ရွာလယ်ရှိစိတ္တသုခဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေသခံပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်သည့် လမ်းပြကြယ်လက်ကမ်းစာစောင်နှင့် သတင်းစကားလက်ကမ်းစာစောင်များကို တစ်ဦးချင်းလက်ဝယ်အရောက် ဖြန့်ဝေပေးကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ဦးဆောင်ရှင်းလင်းဆွေးနွေးပြီး၊ အတွင်းရေးမှူး ရဲမှူး စိုးအောင်က လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ မေးမြန်းမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီနှင့် မြို့နယ်ဥပဒေအရာရှိတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ဥပဒေအရာရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မကျီးတိုင်းကျေးရွာ ဆယ်အိမ်မှူး/ရာအိမ်မှူးများနှင့် ကျေးရွာပြည်သူများ စုစုပေါင်းအင်အား (၁၆၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)