ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒေသဖွံ့ဖြိုးရေး အထွေထွေလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင်  ဒေသဖွံ့ဖြိုးရေးအထွေထွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဇမ္ဗူသီရိမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျလိုက်နာကြရန်၊ တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး ဝိုင်းဝန်းပါဝင်ကူညီ ဆောင်ရွက်ကြရန်၊ ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပူပေါင်းလုပ်ဆောင်ကြရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်၍ အသိပညာပေးရေးလုပ်ငန်းများ‌ ဆောင်ရွက်ကြရန်၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ MSME လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးရန်၊ မိမိရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်းရှိ ဈေးများနှင့် ရပ်ကွက်၊ ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရုပြုကြရန်နှင့် မီးဘေးကြိုတင် ကာကွယ်ရေး စီမံဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ရာဇ၀တ်မှု မဖြစ်ပွားစေရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး (ပြန်/ဆက်)