ပျဉ်းမနား ဖေဖော်ဝါရီ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပျဉ်းမနားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ကျော်ညွန့်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ အိမ်ထောင်စုလူဦးရေ စာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ လူမှုကွန်ယက်စာမျက်နှာ Facebook ၊ Telegram များမှ မဟုတ်မမှန်သတင်းမှားများ မယုံကြည်ကြရန် စသည်တို့အား Powerpoint ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများကလည်း မိမိတို့သက်ဆိုင်ရာနေရာဌာနများ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိအောင် ထပ်ဆင့်ရှင်းလင်းမျှဝေစေလိုကြောင်း ပြောကြားခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)