နေပြည်တော် ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် နိုင်ငံတော်၏ အားထားရမည့် လူစွမ်းအားအရင်းအမြစ်များဖြစ်၍ ကိုယ်ကျင့်တရားနှင့် စာရိတ္တကောင်းမွန်ပြီး ဗလငါးတန်နှင့် ပြည့်စုံဖို့လိုအပ်ပါကြောင်း၊ လူငယ်မျိုးဆက်သစ်များကို အစဉ်တစိုက်စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပြီး လူငယ်များ၏ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရန်အတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့၏ ဘဝရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် အတတ်ပညာတတ်မြောက်ပြီး ဗလငါးတန်နှင့် ပြည့်စုံအောင် ကြိုးစားကြရမှာဖြစ်ပြီး IT နည်းပညာများ၊ အထွေထွေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာကာ အရည်အချင်းပြည့်ဝသည့် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် လူငယ်ရေးရာဦးစီးဌာန၊ မသန်စွမ်းလူငယ်ရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက မသန်စွမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပြီး စာရေးဆရာ ရဲမွန်ကျော်က “ဗလငါးတန်ပြည့်စုံဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျတို့က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဟောပြောကြသူများအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နေပြည်တော်နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ်တာဝန်ခံနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်) ကျောင်းအုပ်ကြီးထံ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)