မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ဆိုင်ခန်း ၁၃၁ ခန်းအား ယာယီပိတ်ထား

မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ကမ်းနားလမ်းရှိ ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးတွင် ဈေးသည် ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ဆိုင်ခန်း ၁၃၁ ခန်းအား နိုဝင်ဘာ ၂ ရက်ကစတင်ပြီး ယာယီပိတ်သိမ်းထားကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိသည်။

"ပြီးခဲ့တဲ့အောက်တိုဘာလ ၂၆ရက်နေ့က ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတစ်ယောက် ကိုဗစ် Positive တွေ့ပါတယ်။ နောက်တစ်ခါ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ငါးချဉ်နဲ့ ပုဇွန်ချဉ်ရောင်းတဲ့ အမျိုးသားတစ်ယောက် ထပ်ပြီးပိုးတွေ့ပါတယ်။ အဲတော့ သူတို့နဲ့ဆက်စပ်နေတဲ့ ဈေးသည် ၂၅ ယောက်ကို ကွာရန်တင်းဝင်စေပါတယ်။ ကျန်းမာရေးစစ်ဆေးတော့ နိုဝင်ဘာလ ၁ရက်နေ့ ဆေးစစ်ချက်အရ နောက်ထပ်ဈေးသည် ၅ ယောက်မှာ positiveတွေ့တဲ့အတွက် ဆက်ပြီး ကူးစက်ပြန့်ပွားမှုမဖြစ်အောင် သူတို့နဲ့ဆက်စပ်နေတဲ့ ဈေးဆိုင်ခိုင်းပေါင်း ၁၃၁ ခန်းကို ခေတ္တပိတ် တာဖြစ်ပါတယ်။ " ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

(၄၁) လမ်းညဈေးသည် ဟင်းသီးဟင်းရွက်၊ သားငါးစသည့် ကုန်စိမ်းသီးနှံများ လက်လီလက်ကား ရောင်းချရာ မန္တလေးမြို့၏ အကြီးဆုံး ညဈေးဖြစ်ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော် ရှိကြောင်း၊ ယင်းဈေးမှ ဈေးသည် ခုနှစ်ဦး ပိုးတွေ့သဖြင့် ယင်းလူနာနှင့် ထိစပ်သည့် ဆိုင်ခန်းပေါင်း ၁၃၀ကျော်ကို ယာယီပိတ်သိမ်းထားမှာဖြစ်ပြီး ပိတ်သည့် ဆိုင်ခန်းများမှ ဈေးသည်များကိုလည်း ကွာရန်တင်းတွင် ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

" ကျွန်တော်တို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ ဈေးတွေမှာ ရံဖန်ရံခါ ကိုဗစ် Positive တွေ့တာမျိုး ရှိပါတယ်။ အားလုံးပေါင်း ဒီဈေးက ၇ဈေးမြောက်ပါ။ အောင်မြေသာစံ မြို့နယ်က ဆရာစံဈေးဆိုတာကလည်း တော်တော်ကြီးတဲ့ဈေးကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီဈေး မှာလည်း ဈေးသည်မှာ ပိုးတွေ့ခဲ့ပါတယ်။ တွေ့တာနဲ့တပြိုင်နက် မြို့တော်စည်ပင်သာယာရေး ကော်မတီက ဆက်စပ်တဲ့သူတွေအားလုံးကို ကွာရန်တင်းဝင်စေတယ်။ ပိုးတွေ့တဲ့ ဈေးသည်နဲ့ အနီးတဝိုက်ကိုလည်း ဈေးမရောင်းရအောင် ပိတ်လိုက်ပါတယ်။ အဲလိုလုပ်တဲ့အခါကျတော့ ပိုးက ဆက်လက်ပြီး ကူးစက်ပျံ့နှံ့တာမျိုးမဖြစ်ဘဲ ကူးစက်မှုရပ်တံ့အောင် ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုဒီ ကုန်စိမ်းဈေးမှာလည်း ဆိုင်ခန်း ၁၃၁ခန်းကို ယာယီပိတ်သိမ်း ပြီးတော့ ပိုးဆက်လက်ကူးစက်ပျံ့နှံ့မှုမဖြစ်အောင် လုပ်တာပါ။ " ဟု ဆက်ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲမှုအောက်ရှိ ဆရာစံဈေး၊ ယောမင်းကြီးဈေး၊ ဘုရားကြီးဈေး၊ ၈၆ လမ်း ပလက်ဖောင်းဈေး၊ တံခွန်တိုင်ဈေးနဲ့ မန်းရတနာဈေးတွေမှာလည်း COVID -19 Positiveတွေ့ရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိခဲ့သော ဈေးဆိုင်များကို ယာယီပိတ်သိမ်းကာ ဈေးသည်များကို ကွာရန်တင်းထားရှိခြင်းဖြင့် ရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိ မန္တလေးမြို့တွင် ဈေးပေါင်း ၃၆ ဈေး ဖွင့်လှစ်ထားကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ထံမှ သိရသည်။

ထိပ်ထားနိုင်