နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆေးကုသပေးမှုအား ကြည့်ရှုအားပေး

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၉

ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီး(ခုတင်-၂၀၀)နှင့် တပ်ကုန်းပြည်သူ့ဆေးရုံ(ခုတင်-၁၀၀) အထူးကုဆရာဝန်များပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ မင်းကုန်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ဇလောင်းကျေးရွာအုပ်စု ရာဇဓာနီသာမဏေကျော်ကျောင်းတိုက်၌ ကွင်းဆင်း၍ အခမဲ့ဆေးကုသခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ရာဇဓာနီ သာမဏေကျော်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသအား ဖူးမြော်ကြည်ညိုပြီး  ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ကွင်းဆင်း၍ ဆေးကုသပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုပေးနေခြင်းများကို ကြည့်ရှုအားပေးခဲ့သသည်။ နေပြည်တော်တိုင်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးမှ  သံဃာတော်များအား ဘီးပိုးကာကွယ်ဆေးထိုးနှံပေးနေမှုများနှင့်  ခွဲစိတ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်အထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အရိုးအထူးကု ဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကွင်းဆင်း၍ ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လိုက်လံရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဘီပိုးကာကွယ်​ဆေးထိုးနှံပြီးသည့် သံဃာတော် ၂၂ ပါးနှင့်  ကျေးရွာများမှ ဒေသခံပြည်သူများအား ဆေးကုသပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါအထူးကုလူနာ ၁၀၇ ဦး၊ မျက်စိလူနာ ၇၈ ဦး၊ ခွဲစိတ်လူနာ ၁၇ ဦး၊ အရိုးလူနာ ၆၂ ဦး၊ ကလေးလူနာ ၂၇ ဦး၊ သားဖွားမီးယပ်လူနာ ၂၆ ဦး၊ သွားနှင့်ခံတွင်းလူနာ ၁၉ ဦး၊ စုစုပေါင်းလူနာ ၃၃၆ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး လူနာ ၁၅ ဦးကို ဆေးရုံကြီးများသို့ လွှဲပြောင်း၍ ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)